အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေက ဘယ်လောက်ထိ ခိုင်မာလဲ။


ဇွန် ၈၊ ၂၀၁၈။

အစိုးရသစ်ဟာ အစိုးရဟောင်းရဲ့ ဆုံးဖြတ်ချက်တွေအပေါ် သဘောထားကွဲလွဲတဲ့အခါမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် စွန့်စားရမယ့်၊ ဆုံးရှုံးရမယ့် အပိုင်းလေးတွေ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့လက မလေးရှားနိုင်ငံမှာ ဖြစ်သွားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေက ရင်းနှီးမြှုပ်နှံမှုတွေဟာ  နိုင်ငံရေးအခြေအနေပေါ် မူတည်နေတယ်ဆိုတာ မီးမောင်းထိုးပြလိုက်သလိုပါဘဲ။  ပြန်လည်ရွေးချယ်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ် Dr.Mahathir Mohamad က အရင်အစိုးရဟောင်း သဘောတူခဲ့၊ လက်မှတ်ထိုးခဲ့တဲ့ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းစာချုပ်တွေကို ပယ်ဖျက်မယ်လို့ ကြေငြာလိုက်တာကလည်း  နိုင်ငံရေးအပြောင်းအလဲတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် အကျိုးသက်ရောက်မှုကို ပိုပြီးထင်ရှားစေပါတယ်။ ဒီလိုဆင်တူ အခြေအနေမျိုးတွေက အုပ်ချုပ်မှုအပြောင်းအလဲတွေမှာ ဖြစ်နေကျပုံစံတွေပါ။

အခုနောက်ပိုင်းမှာ ပြည်တွင်းပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ အမေးများတဲ့မေးခွန်းကတော့ အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေက ဘယ်လောက်ထိ ခိုင်မာလဲ။ အစိုးရအပြောင်းအလဲမှာ ပယ်ဖျက်ခံရနိုင်၊ တရားမဝင်ဘူးလို့ ကြေငြာခံရနိုင်လား ဆိုတာတွေဘဲ ဖြစ်ပါတယ်။

ဒီလိုမသေချာမှုတွေက ရေရှည်လာရောက် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို အားထားနေရတဲ့ NYDC အတွက်တော့ ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒါကြောင့်မို့ ဒီအကြောင်းအရာကို ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲဆိုတာကို အချိန်ပေး စဉ်းစားလေ့လာခဲ့ပါတယ်။

ကျွန်တော်တို့ အမြင်ကတော့ စီမံကိန်းတစ်ခု စတင်တဲ့အချိန်ထဲက နိုင်ငံအတွက်ကော၊ ရင်းနှီးမြှုပ်နှံသူတွေ အတွက်ပါ နှစ်ဦးနှစ်ဘက်အတွက် မျှတပြီး အကျိုးရှိမယ့် အခြေအနေကို  ပွင့်လင်းမြင်သာစွာနဲ့ ဖော်ဆောင်ခဲ့ရင်၊ စီမံကိန်းသဘောတူညီချက်မှာ  ပါဝင်ပတ်သက်နေတဲ့သူ အားလုံးက လာဘ်ပေးလာဘ်ယူမှု၊ ပစားပေးမှုတွေ ကင်းရှင်းခဲ့ရင်၊ စာချုပ်မှာပါတဲ့ အချက်တွေက နိုင်ငံအတွက် မျှတပြီး အကျိုးအမြတ်ရှိခဲ့ရင်၊ စီးပွားရေးအရ တွက်ချေကိုက်မယ့် စီမံကိန်းတစ်ခု ဖြစ်ခဲ့ရင် စတဲ့ အခြေခံ အချက်တွေနဲ့ ကိုက်ညီအောင် လုပ်ခဲ့မယ်ဆိုရင် စိစစ်မှု၊ စစ်ဆေးမှုတွေကို ကျော်လွှားနိုင်မှာဖြစ်သလို အုပ်ချုပ်မှုအပြောင်းအလဲကြောင့် စီမံကိန်း ပယ်ဖျက်ခံရနိုင်မှုတွေကလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

မြို့သစ်တည်ဆောက်ရေးမှာ ပါဝင်တဲ့ စီမံကိန်းကြီးငယ်မရွေးအားလုံးကို ကျွန်တော်ပြောခဲ့တဲ့ အခြေခံအချက်တွေနဲ့ ကိုက်ညီဖို့၊ အချိန်မရွေး စိစစ်ခံနိုင်ဖို့တို့ကို သေချာအောင် လုပ်ဆောင်ရမှာ ကျွန်တော်တို့ NYDC ရဲ့ တာဝန်ပါ။ ဒါတွေအပြင် ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း မျှတတဲ့ အကျိုးအမြတ်ရရှိအောင် ထည့်သွင်းစဉ်းစား ပေးဖို့လိုပါတယ်။ အရေးအကြီးဆုံးကတော့ နိုင်ငံနဲ့ ပြည်သူတွေ အကျိုးအမြတ်ဖြစ်ထွန်းမယ့်၊ ထိခိုက်နစ်နာမှု မရှိစေမယ့် သဘောတူညီမှုစာချုပ်တွေ ဖြစ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဘက်ပေါင်းစုံက ဟန်ချက်ညီညီဖြစ်အောင် ညှိနှိုင်းပြီး နှစ်ဦးနှစ်ဘက်အဆင်ပြေစေမယ့် အခြေအနေကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။

အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ ပြဿနာတွေရဲ့ အရင်းအမြစ်ကို သုံးသပ်ကြည့်လိုက်ရင် အဓိကတရားခံက ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကြောင့်လို့ ယူဆလို့ရပါတယ်။ NYDC အနေနဲ့ လာဘ်ပေးလာဘ်ယူမှု ကင်းဝေးအောင်၊ ဘက်ပေါင်းစုံကနေ အကောင်းဆုံးဖြစ်အောင် သတိထားပြီး ဆောင်ရွက်သွားမှာပါ။ ဒါကြောင့်မို့ ဒီစီမံကိန်းကြီး ဖြစ်မြောက်ဖို့ လုပ်ဖော်ကိုင်ဖက်များ၊ အကျိုးဆိုင်သူများ အားလုံးကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးမယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ @ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more