ရန်ကုန်မြို့သစ်စီမံကိန်းကို တည်ထောင်ရာမှာ ချေးငွေယူဖို့ ဘာကြောင့်ဦးစားမပေးတာလဲ


ဧပြီ ၂၅၊ ၂၀၁၈။

အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ရင်းနှီးမြှုပ်နှံမှုများနဲ့ စီးပွားရေးလည်းတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ထွက်လာကာ ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းမှာ ပထမအဆင့် လုပ်ဆောင်မှု အနေနဲ့ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို အဓိက ဦးစားပေးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပါဝင်မယ့် အခြေခံအဆောက်အအုံတွေကတော့ လယ်သမားများအတွက် ပြန်လည်နေရာချထားရေး ရွာ(၅)ရွာ ၊ စက်မှုဇုန်ဧရိယာ၊ တံတားနှစ်စင်း၊ ၂၆ ကီလိုမီတာအရှည်ရှိတဲ့ အဓိကလမ်းမကြီး၊ လမ်းသွယ်များ၊ ပြည့်စုံလုံလောက်သော လျှပ်စစ်မီးနှင့်ရေသန့်၊ ရေဆိုးသန့်စင်ရေးစနစ် ၊ ကောင်းမွန်မြန်ဆန်တဲ့ ကုန်လမ်းပို့ဆောင်ရေး၊ ကြေးနန်းနှင့်ဆက်သွယ်ရေးစနစ် စသည်တို့ဘဲဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေမှာဆိုရင်တော့ ဒီအခြေခံအဆောက်အအုံတွေကို အုပ်ချုပ်သူအစိုးရမှ ရင်းနှီးမြှုပ်နှံပြီး ဆောက်လုပ်ကြတာဖြစ်ပါတယ်။ တိုးတက်ဆဲနိုင်ငံများမှာတော့ နိုင်ငံတကာဘဏ်များ (Multilateral Banks) ဖြစ်ကြတဲ့ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ AIIB ဘဏ်တို့နဲ့ Bilateral Development Financial Institutions တွေက ချေးငွေအကူအညီတွေနဲ့ ဆောက်လုပ်ကြပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေနဲ့ မတူတာကတော့ ကျွန်တော်တို့အစိုးရမှာ အခြေခံအဆောက်အအုံများ ကိုဆောက်လုပ်ဖို့လိုအပ်တဲ့ ရင်းနှီးငွေ လုံလောက်အောင် မရှိသလို ပြည်သူ့ဘဏ္ဍာကို မှီခိုပြီး ဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ခြင်းကိုလည်း လျှော့ချနိုင်ဖို့ ကြိုးစားနေရပါတယ်။ ဒါကြောင့်မို့ အခြေခံအဆောက်အအုံများ တည်ဆောက်ရေးစီမံကိန်းများမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပါဝင်လာဖို့လိုအပ်ပြီး အထူးသဖြင့် ရေရှည်ရင်းနှီးမြှုပ်နှံမယ့်သူများ လိုအပ်ပါတယ်။

ဒီနေရာမှာ မြို့သစ်စီမံကိန်းအတွက် လိုအပ်နေတဲ့ရင်းနှီးငွေတွေကို နိုင်ငံတကာဘဏ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေက ကျွန်တော်တို့မြန်မာနိုင်ငံလို ဝင်ငွေနည်းတဲ့နိုင်ငံတွေအတွက် အထူးအစီအစဉ်နဲ့ ထုတ်ချေးတဲ့ ချေးငွေတွေကို ယူလို့မရဘူးလား၊ ဘာလို့မယူတာလဲဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ ဒီချေးငွေတွေကို ယူလိုက်ပြီဆိုရင် အတိုးနဲနဲဘဲဖြစ်ဖြစ်၊ အတိုးလုံးဝမပေးရတာဘဲဖြစ်ဖြစ် အကြွေးကတော့အကြွေးပါဘဲ။ ဒီအကြွေးတွေကို ပြန်ဆပ်ရမယ့်သူတွေက ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေပါ။

NYDC အနေနဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေ အကြွေးပြန်ဆပ်ရမယ့်တာဝန်ကြီးမှ ရှောင်နိုင်အောင် အကြွေးမယူဘဲ ဆောက်လုပ်မှာဖြစ်ပါတယ်။ ဒီလိုဆောက်လုပ်ဖို့အတွက် Public – Private Partnership တစ်ခုတည်ထောင်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများ (Equity Investors) ကို ဆွဲဆောင်နိုင်အောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများ (Equity Investors) နဲ့ ချေးငွေပေးသူများ (Lenders) ရဲ့ မတူတဲ့အချက်ကတော့ ချေးငွေပေးသူတွေဟာ တာဝန်ယူစရာမလိုဘဲ အတိုးရတဲ့အပြင် အချိန်တစ်ခုရောက်ရင် အရင်းကိုလည်းပြန်ရမှာဖြစ်ပြီး ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများအနေနဲ့ကတော့ သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုကို စွန့်စားမှုအပြည့်ယူရပါတယ်။ ရင်းနှီးမြှုပ်နှံမှု အောင်မြင်ခဲ့ရင် အမြတ်များသလို မအောင်မြင်ခဲ့ရင်လည်း အရင်းပါဆုံးမှာဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာမှာ အန္တရာယ်များတဲ့ နိုင်ငံဆိုတာ ငြင်းလို့မရပါဘူး။ အခုကျွန်တော်တို့ NYDCမှ မြို့သစ်စီမံကိန်းရဲ့အခြေခံအဆောက်အအုံများကို ရှယ်ယာတန်ဖိုး ရင်းနှီးမြှုပ်နှံသူများ (Equity Investors) နဲ့ ဆောက်လုပ်ဖို့စီစဉ်ထားတဲ့ အစီအမံဟာဆိုရင် မဟာဗျုဟာကျသလို လက်တွေ့လည်းကျပါတယ်။

ကျွန်တော်တို့ရဲ့ သားသမီးမြေးမြစ်တွေဟာ အကြွေးပြန်ဆပ်ရမယ့်တာဝန်ကြီးကို ပခုံးထမ်းနေစရာမလိုဘဲ ဒီစီမံကိန်းကရရှိလာမယ့် အသီးအပွင့်တွေကို ဒီစီမံကိန်းကြီးမှာ ယုံကြည်မှုဖြင့် ရင်းနှီးမြှုပ်နှံသူများနဲ့အတူ မျှဝေစံစားနိုင်ကြမှာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့ NYDC က ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့ အခြေခံသဘောတရားမူဘဲဖြစ်ပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@Serge Pun
၂၅.၄.၂၀၁၈

Related Posts

ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေး

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေးနယ်နိမိတ်တွေကို ချမှတ်နိုင်ဖို့ NYDC အနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို ၂၀၁၈ခုနှစ် နှစ်လည်ပိုင်းမှစတင်ပြီး…Read more

ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ

၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ…Read more

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် တင်သွင်းထားသော EOI များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် NYDC Challenge Tender ပထမအဆင့်စတင်နိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest –…Read more

Town Hall – 6 March, 2019

NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် (၉)လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး…Read more

မြို့သစ်စီမံကိန်း၏ လွဲမှားနေသောအချက်အလက်များကို သုံးသပ်ရှင်းလင်းခြင်း

ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း (Final Master Plan Presentation) ပွဲအပြီးမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်ပေါ်မှာ မြို့သစ်စီမံကိန်းနဲ့…Read more

သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာစီမံခန့်ခွဲမှု မူဘောင်ရေးဆွဲခြင်း

ရန်ကုန်မြို့သစ်စီမံကိန်း Master Plan အတွက် မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment-SEA)နှင့် ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိခိုက်မှုစစ်ဆေးခြင်း (Environmental Impact Assessment – EIA) တွေကို NYDC နဲ့…Read more