(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ


ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း ရေးဆွဲရေးနဲ့ မျှတပြီးပွင့်လင်းမြင်သာတဲ့လုပ်ငန်းစဥ်ကို ဟန်ချက်ညီညီဆောင်ရွက်နိုင်လို့ဖြစ်ပါတယ်။ အခုလို စနစ်တကျနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ဖို့ ရန်ကုန်တိုင်း‌‌ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး မြေနေရာပြန်လည်ချထားခြင်းကြီးကြပ်ရေးကော်မတီ၊ မြေနေရာပြန်လည်ချထားခြင်းလုပ်ငန်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မြေစာရင်းဦးစီးဌာနနဲ့ NYDCတို့က ပူးပေါင်းပါဝင် လုပ်ကိုင်လျက်ရှိပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့်မှာ စုစုပေါင်းလယ်ယာမြေဧက (၁၈၃၉၀) ဧကခန့်ပါဝင်ပြီး လယ်ယာမြေပိုင်ဆိုင်သူတွေ ဆန္ဒပြုသတ်မှတ်ထားတဲ့ ကွင်းအမှတ်(၅)ခုမှာ အသားတင်မြို့မြေ ၂၀ ရာခိုင်နှုန်း ပြန်လည်ပေးအပ်မယ့်လုပ်ငန်းစဉ်ကို ၂၀၁၄ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့မှာ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်ရရှိခဲ့ပါတယ်။ ပြန်လည်နေရာချထား‌ရေး ဧရိယာ(၅)ခု(RA1-RA5) ရဲ့ နယ်နိမိတ်တွေကို မြေပိုင်ရှင်တွေက အဆိုပြုခဲ့ပါတယ်။ အဲဒီအဆိုပြုခဲ့တဲ့ ပြန်လည်နေရာချထား‌ရေးဧရိယာ(၅)ခုကို အများသုံး အခြေခံအဆောက်အဉီတွေဖြစ်တဲ့ လမ်း၊ ကျောင်း၊ စျေး၊ ဆေးရုံ ဆေးခန်းနှင့် ပန်းခြံ တို့ ထည့်သွင်းတည်ဆောက်ဖို့ မြေဧရိယာ ၂၅% ခန့် ထပ်ဆောင်းပေါင်းထည့်ပြီး AECOM Singapore အကြံပေးကုမ္ပဏီမှ ရေးဆွဲထားတဲ့ Master Plan နဲ့လည်း ကိုက်ညီတဲ့ နယ်နိမိတ်အသစ်တွေ ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲထားတဲ့ပြန်လည်နေရာချထား‌ရေးဧရိယာ(၅)ခုရဲ့ နယ်နိမိတ်တွေကိုလည်း ၂၀၁၉ ခုနှစ် ဖေဖော်၀ါရီလနှင့် မတ်လအတွင်းမှာ အများပြည်သူတွေသိရှိအောင် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး အကြံပြုချက်များကို ရယူခဲ့ပါတယ်။

မြေနေရာပြန်လည်ချထားခြင်းနဲ့သက်ဆိုင်တဲ့ ကြီးကြပ်ရေးကော်မတီအစည်းအဝေးတွေကိုလည်း ဒုတိယ အကြိမ်မှစတင်၍ NYDC မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး ၂၀ % ပြန်လည်ပေးအပ်မယ့် မြို့မြေတွေရဲ့ မြေကွက်အရွယ်အစား၊ သက်ဆိုင်သောမြေကွက်အရွယ်အစားအလိုက်အုပ်စုဖွဲ့ခြင်း၊ အများသုံးအခြေခံ အဆောက်အဉီနေရာများ၊ ပြန်လည်နေရာချထားရေးအတွက် သင့်တော်မယ့် မဲနှိုက်စနစ် ရွေးချယ်နိုင်ရေးတို့နဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။  မဲနှိုက်တဲ့စနစ်ကိုလည်း NYDC ကအဆိုပြုတင်ပြခဲ့တဲ့ နည်းလမ်း(၃)ခုအနက်မှ ပွင့်လင်းမြင်သာမှုအရှိဆုံး၊ အများပြည်သူတွေရဲ့ဆန္ဒနဲ့ အကိုက်ညီဆုံးတစ်ခုကို ကြီးကြပ်ရေးကော်မတီက ရွေးချယ်ခဲ့ပါတယ်။ မြေကွက်အရွယ်အစားနဲ့ပတ်သက်ပြီးတော့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ သက်ဆိုင်ရာစည်ပင် သာယာရေးကော်မတီတွေက သတ်မှတ်ထားတဲ့ မြေကွက်အရွယ်အစားတွေကိုအခြေခံပြီး ပေ ၂၀’x၆၀’၊ ၄၀’x၆၀’၊ ၆၀’x ၆၀’၊ ၆၀’x၈၀’၊ ၈၀’x၈၀’၊ ၁၀၀’x၁၀၀’ နှင့် တစ်ကွက်တည်းပြည့် (ဒုံး) ကွက်များနဲ့ အဆိုပြုခဲ့ပါတယ်။

ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ဟာ အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တာနဲ့အညီ လယ်ယာမြေ ပိုင်ဆိုင်မှုစာရင်းတွေကို တိတိကျကျဆောင်ရွက်နိုင်ဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် မြေစာရင်းဦးစီးဌာနတို့နဲ့ ပူးပေါင်းပြီး လယ်ယာမြေပိုင်ဆိုင်သူ တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ကွန်ပျူတာစနစ်ရေးသွင်းမှု ( Digitalize ) ပြုလုပ်ခြင်း၊ မြေစာရင်းဦးစီးဌာနမှာ ပြန်လည်စစ်ဆေးခြင်းတွေကို လုပ်ကိုင်ခဲ့ပါတယ်။ လယ်ယာမြေပိုင်ဆိုင်မှု စစ်ဆေးခြင်းနဲ့အတူ လယ်ယာမြေပိုင်ရှင်တစ်ဦးချင်းစီအနေနဲ့ အလိုရှိတဲ့မြေကွက်အရွယ်အစားတွေ ပြန်လည်ရရှိရေးအတွက်လည်း လုပ်ငန်းကော်မတီက ဉီး‌ဆောင်ပြီး သဘောထားကောက်ခံခြင်းလုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ (၈)ဧကနှင့်အထက် ရရှိတဲ့ တစ်ကွက်ပြည့်(ဒုံး)ကွက်တွေကို ကြီးကြပ်ရေးကော်မတီက သတ်မှတ်ထားတဲ့ မူအတိုင်း အများသုံးအခြေခံအဆောက်အဦတွေ ဆောက်လုပ်ဖို့အတွက် အစိုးရပိုင်မြေအဖြစ် ပြန်လည်ရရှိတဲ့ (၂၀%) မြေရဲ့ (၁၂%) ကို အပိုထပ်ဆောင်းပေးထားပါတယ်။ ပြန်လည်နေရာချထားရေးမှာရရှိတဲ့ မြေပိုင်ရှင်များတွေအနေနဲ့ အပိုထပ်ဆောင်းရရှိတဲ့ (၁၂%) ကို လိုအပ်တဲ့ အခြေခံအဆောက်အဉီတွေကို ဆောက်လုပ်အကောင်အထည်ဖော်ရမှာဖြစ်ပြီး သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီရဲ့ အုပ်ထိန်းမှု အောက်မှာ အစိုးရပိုင်မြေအဖြစ် ထားရှိရမှာ ဖြစ်ပါတယ်။

လယ်ပိုင်ရှင်တစ်ဦးချင်းစီက ပြန်လည်ရယူလိုတဲ့ အကွက်အမျိုးအစားအုပ်စုအလိုက် စာရင်းပြုစုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြပြီးအတည်ပြုချက်ရယူခဲ့ပါတယ်။ ခွင့်ပြုချက်ရရှိတာနဲ့ မဲနှိုက်မယ့်ရက်သတ်မှတ်ခဲ့ပြီး မဲနှိုက်မယ့်ရက်မတိုင်ခင်(၃)ရက်အလိုမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံး တွေမှာ လယ်ပိုင်ရှင်တစ်ဦးချင်းစီက ပြန်လည်ရရှိမယ့် မြေကွက်စာရင်းကို ကြေငြာခဲ့ပါတယ်။ အများပြည်သူတွေမဲနှိုက်စနစ်ကို သိရှိနားလည်နိုင်အောင်လည်း ၂၀၁၉ ခုနှစ် သြဂုတ်လ(၁၇)ရက်နေ့နှင့် (၂၄) ရက်နေ့တွေမှာ သက်ဆိုင်ရာမြို့နယ်အလိုက် ရှင်းလင်းတင်ပြခဲ့ပါတယ်။

အတည်ပြုထားတဲ့မဲနှိုက်စနစ်မှာ ပါ၀င်တဲ့ အဆင့်(၅)ဆင့်ကတော့

(၁) မြေအရွယ်အစားအလိုက် မဲနှိုက်ရန် ကြေငြာခြင်း

(၂) တက်ရောက်လာသောကိုယ်စားလှယ်တစ်ယောက်မှ လူအမည်မဲနှိုက်ခြင်း

(၃) မဲနှိုက်၍ရရှိလာသော မြေပိုင်ဆိုင်သူမှ သက်ဆိုင်ရာပေါက်မဲအကွက် နံပါတ်ကိုမဲနှိုက်ခြင်း

(၄) ပေါက်မဲအကွက်နံပါတ်များကို ပိုင်ဆိုင်မှုနှင့်အတူ စာရင်းရေးသွင်းခြင်း

(၅)မဲနှိုက်၍ရရှိလာသောနံပါတ်စဥ်အတိုင်းအကြမ်းရေးဆွဲထားသောမြေပုံများအားပြန်လည်ညှိနှိုင်းရေးဆွဲခြင်း တို့ဖြစ်ပါတယ်။

လယ်ယာမြေပိုင်ဆိုင်မှုမတူညီတဲ့အတွက် တစ်ဦးချင်းစီ ပြန်လည်ရရှိမယ့်မြေဧရိယာလည်း ကွဲပြားပါတယ်။ ဒါကြောင့် မဲမနှိုက်မီမှာ လယ်ယာမြေပိုင်ရှင်တွေ သဘောထားပေးထားတဲ့ မြေကွက်စာရင်းအတိုင်း  အမှတ်စဉ်တပ်ထားတဲ့ ယာယီမြေပုံတွေကို NYDC ကရေးဆွဲထားပြီး၊ အများသုံးအခြေခံအဆောက်အဉီးတွေ၊ လမ်းတွေအပြင် (၂၀%) အတိအကျ ပြန်လည်ပေးအပ်ဖို့ မြေပုံညှိနှိုင်းတဲ့အခါမှာ အကွက်ပျက်တွေ ဖြစ်လာနိုင်တဲ့အတွက် လိုအပ်တဲ့ မြေကွက်အရေအတွက်ထက် (၅%)ခန့်ပိုတဲ့ မြေပိုတွေကို ထပ်ဆောင်းရေးဆွဲရပါတယ်။ မြေပိုင်ရှင်တွေအနေနဲ့ မဲနှိုက်ပြီးရရှိလာတဲ့ နံပါတ်စဥ်အလိုက် ပြန်လည်ရရှိသွားမှာဖြစ်တဲ့အတွက် ထိုနံပါတ်စဥ်အလိုက် မြေပုံညှိနှိုင်းခြင်းလုပ်ငန်းစဉ်ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီနောက် လယ်ယာမြေပိုင်ဆိုင်သူ တစ်ဉီးချင်းစီပြန်လည်ရရှိမယ့် မြေကွက်နေရာ၊ မြေကွက်အမျိုးအစားနဲ့ မြေကွက်အရေအတွက်ကို NYDCမှ တာ၀န်ရှိသူတွေက ရှင်းလင်းသွားမှာဖြစ်ပါတယ်။ အသုံးမပြုတဲ့ မြေပိုတွေကို အစိုးရပိုင် အများသုံးမြေအဖြစ် ပြန်လည်အသုံးချသွားမှာလည်း ဖြစ်ပါတယ်။

တစ်ဦချင်းစီပြန်လည်ရရှိမယ့် မြေကွက်နေရာနဲ့အရေအတွက်ကို လုပ်ငန်းအဖွဲ့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြပြီးအတည်ပြုချက် တောင်းခံရပါတယ်။ အတည်ပြုချက်ရရှိပြီးတဲ့အခါ တစ်ကွက်ချင်းစီအလိုက် ယာယီမြေပေးမိန့်နဲ့မြေပုံ ပေးအပ်နိုင်ဖို့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြေပေးမိန့်ပြင်ဆင်ဆောင်ရွက်ခြင်းနဲ့ NYDC မှ ပူးတွဲမြေပုံထုတ်လုပ်ခြင်း လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရပါတယ်။ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့မှာတော့ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ ဧရိယာအမှတ်(၅)အတွက် မဲနှိုက်မှုစတင်နိုင်ခဲ့ပြီး ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့မှာရက်နေ့မှာ ပေးအပ်နိုင်ခဲ့ပါတယ်။ ကျန်ဧရိယာ (၁)မှ(၄)အထိ ပြန်လည်နေရာချထားရေး မဲနှိုက်လုပ်ငန်းစဉ်ကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ဆောင်ရွက်နိုင်ဖို့ပြင်ဆင်လျက်ရှိပါတယ်။

ပြန်လည်နေရာချထားမယ့်နေရာမှာ သတ်မှတ်ထားတဲ့ လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ ဆောက်လုပ်ပြီးစီးတာနဲ့တစ်ပြိုင်နက် မြေပိုင်ရှင်တွေအနေနဲ့ ပြန်လည်ရရှိမယ့်မြို့မြေတွေကို သက်ဆိုင်ရာစည်ပင်သာယာရေးကော်မတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုအပ်တဲ့ခွင့်ပြုချက်(Permit)တွေရယူပြီး အကော်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်ဟာ ဌာနပေါင်းများစွာက ပူးပေါင်း‌ပြီး အဆင့်ဆင့်စနစ်တကျ လုပ်ဆောင်ရတဲ့လုပ်ငန်းဖြစ်လို့ လပေါင်းများစွာအချိန်ယူခဲ့ရပေမယ့် ကျွန်တော့်အနေနဲ့ ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့ ပြန်လည်နေရာချထားရေးကဏ္ဍ မကြာမီလပိုင်းအတွင်း ပြီးစီးမှာဖြစ်တဲ့အတွက် လွန်စွာအားရကျေနပ်မိပါတယ်။

လေးစားစွာဖြင့်
သိမ်းဝေ@ Serge Pun

 

 

 

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more

Stage 2 အခြေခံအဆောက်အဦစီမံကိန်းများအတွက် စိစစ်မှုများစတင်ခြင်း

ရန်ကုန်မြို့သစ်ပထမအဆင့် Stage-2 အခြေခံအဆောက်အဦ စီမံကိန်းလုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ NYDC Challenge လုပ်ငန်းစဉ်ကို စတင်ဖို့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ Stage-2 အခြေခံအဆောက်အဦ…Read more