မြို့သစ်စီမံကိန်း၏ လွဲမှားနေသောအချက်အလက်များကို သုံးသပ်ရှင်းလင်းခြင်း


ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း (Final Master Plan Presentation) ပွဲအပြီးမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်ပေါ်မှာ မြို့သစ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ဆောင်းပါးနဲ့ အမြင်အချို့ ထွက်ပေါ်လာပါတယ်။ တော်တော်များများက NYDC ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့ကြပြီး အထူးသဖြင့် NYDC ရဲ့ စီမံကိန်းတိုးတက်မှုတွေ၊ စီမံကိန်းတည်ရှိရာ ဒေသခံများနဲ့ တွေဆုံမှုတွေနဲ့ အများပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြောကြားမှုတွေကို ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် တစ်ခြားတစ်ဖက်မှာလည်း ပြင်းထန်စွာ ဝေဖန်ထားတဲ့ အမြင်တွေနဲ့ ဆောင်းပါးအချို့ကိုလည်း တွေ့ရှိရပါတယ်။

ဒီလိုအများနဲ့သက်ဆိုင်တဲ့ စီမံကိန်းမှာ မတူကွဲပြားတဲ့ အမြင်တွေ၊ ထောက်ပြဝေဖန်မှုတွေကို ကြိုဆိုပေမယ့် တစ်ချို့ကလွဲမှားတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ ဝေဖန်နေကြတဲ့အတွက်  ကျွန်တော့်အနေနဲ့ ပြန်လည်ရှင်းပြဖို့  တာဝန်ရှိလာပါတယ်။

လွဲမှားတဲ့အချက်အလက် (၁)

ပထမဆုံးအချက်အနေနဲ့ Pre-Project Document (PPD) ရေးဆွဲဖို့ ရွေးချယ်ခံရတဲ့ China Communications Construction Company Ltd., (CCCC) က NYDC တာဝန်ယူထားတဲ့ ရန်ကုန်မြို့သစ်ပထမအဆင့်ကို အကောင်အထည်ဖော်မယ့် မြေဧရိယာအကုန်လုံးကို ရရှိမယ်ဆိုတဲ့အချက်ဟာ လုံးဝမှားယွင်းနေပါတယ်။ ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ မြေဧရိယာစုစုပေါင်း (၉၀) စတုရန်းကီလိုမီတာမှာ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီနဲ့ NYDC တို့က ပူးပေါင်းလုပ်ဆောင်မယ့် joint-venture company (JV) အနေနဲ့ ရရှိမယ့် မြေဧရိယာစုစုပေါင်း (၂၈) စတုရန်းကီလိုမီတာသာရှိပါတယ်။ အဲဒီ (၂၈) စတုရန်းကီလိုမီတာထဲမှာ စက်မှုဇုန်ဧရိယာ၊ စီးပွားရေးနဲ့ လူနေထိုင်မှုဧရိယာ အပါအဝင် ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ အစရှိတဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ မြို့တော်စည်ပင် လုပ်ငန်းတွေအတွက် အသုံးပြုဖို့လိုအပ်တဲ့မြေ ပါဝင်မှာဖြစ်ပါတယ်။

လက်ရှိကျေးရွာတွေ၊ အများပြည်သူတွေ အနားယူအပန်းဖြေနိုင်မယ့် ပန်းခြံတွေက (၂၈.၆၅) စတုရန်းကီလိုမီတာ ရှိပါတယ်။ ကျန်ရှိနေတဲ့ (၃၃.၃၅) စတုရန်းကီလိုမီတာဟာ ရန်ကုန်မြို့သစ်ပထမအဆင့် စုစုပေါင်းမြေဧရိယာရဲ့  (၃၇)% ဖြစ်ပြီး NYDC ရဲ့ ပိုင်ဆိုင်မှုအဖြစ် ဆက်ပြီးရှိနေမှာ ဖြစ်ပါတယ်။ အဲဒီစတုရန်းကီလိုမီတာထဲမှာမှ (၁၉.၀၆)စတုရန်းကီလိုမီတာကို ပြန်လည်နေရာချထားရေး မြို့ငယ် (၅)ခုအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

 လွဲမှားတဲ့အချက်အလက် (၂)

ဒုတိယအချက်အနေနဲ့ မြေတန်ဖိုးကို တစ်စတုရန်းမီတာကို (၅)ဒေါ်လာတန်ဖိုး သတ်မှတ်ခြင်းက မြေကို ဈေးပေါပေါနဲ့ မဖြစ်သင့်တဲ့ဈေးနဲ့တန်ဖိုးဖြတ်လိုက်တယ်၊ နိုင်ငံအတွက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတယ်ဆိုတဲ့ အဆိုဟာ အင်မတန်မှားယွင်းတဲ့ အဆိုဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၇)ရက်နေ့ Eleven Media ရဲ့ “ရန်ကုန်မြို့သစ်စီမံကိန်း၊ တရုတ်ရဲ့CCCCနဲ့ မြန်မာပြန်ရမယ့် အကျိုးအမြတ်” ခေါင်းစဉ်နဲ့ဆောင်းပါးမှာ ဖော်ပြထားတာက ရန်ကုန်မြို့သစ်ဧရိယာရဲ့မြေတစ်ဧကတန်ဖိုး ကျပ်သိန်း(၃၀၀)ကို သီလဝါရဲ့ မြေတစ်ဧကတန်ဖိုး ကျပ်သိန်း (၃၀၀၀) နဲ့နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံအတွက် အင်မတန်နစ်နာမယ့် အခြေအနေတစ်ခုလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့်  အခုမြို့သစ်ဧရိယာကမြေဟာ  လယ်မြေဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ တစ်ဧက သိန်း(၃၀၀)တန်ဖိုးမရှိပါဘူး။ ဥပမာအားဖြင့် ပြန်လည်နေရာချထားရေးအတွက် မြို့သစ်မြေအစား ငွေကြေးလျော်ကြေးရလိုသူတွေအတွက်  တိုင်းဒေသကြီးအစိုးရက သတ်မှတ်ထားတဲ့ တန်ဖိုးဟာ  တစ်ဧကကို ကျပ်သိန်း (၁၀၀) ပဲရှိပါတယ်။

ဒီလယ်မြေတွေဟာ နောင်တစ်ချိန်မှာ တစ်ဧကတန်ဖိုး ကျပ်သိန်း(၃၀၀၀) ဖြစ်လာနိုင်တယ်ဆိုတာအမှန်ပါပဲ။ ဒါပေမယ့် ဒီဈေးဟာ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီးမှသာ ဖြစ်လာနိုင်တဲ့ တန်ဖိုးပါ။ ဒီအခြေခံအဆောက်အအုံတွေမရှိဘဲ  တစ်ဧကတန်ဖိုး ကျပ်သိန်း(၃၀၀၀) ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ဒီရင်းနှီးမြှုပ်နှံမှုတွေကိုလည်း တင်ဒါအောင်မြင်တဲ့သူက ထည့်ကိုထည့်ရမှာပါ။ ဒီရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီးရင် joint-venture company မှာပါတဲ့ မြေတွေသာမက NYDC ပိုင်မြေတွေအပါအဝင် ပြန်လည်နေရာချထားရေးဇုန်မှာ ရရှိထားတဲ့ လယ်သမားတွေနဲ့ အရင်မြေပိုင်ဆိုင်သူတွေရဲ့ မြေတန်ဖိုးတွေပါ မြင့်တက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီမြေတွေကို ဈေးပေါပေါနဲ့ ပေးလိုက်တယ်ဆိုတဲ့အဆိုဟာ လုံးဝကို မှားယွင်းတဲ့အဆိုတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဒီမြေတွေကို joint-venture company ရဲ့ ပိုင်ဆိုင်မှုအဖြစ် တန်ဖိုးမဲ့ထည့်ဝင်လိုက်တာမဟုတ်ဘဲ  NYDC ရဲ့ ရှယ်ယာပိုင်ဆိုင်မှုတန်ဖိုး ၂၅% ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ထည့်ဝင်လိုက်တာဖြစ်ပါတယ်။ နောက်တစ်နည်းအနေနဲ့ ပြောရရင် CCCC ဒါမှမဟုတ် တင်ဒါနိုင်တဲ့ အဖွဲ့အနေနဲ့ ၇၅% သော ရှယ်ယာတန်ဖိုးရဖို့အတွက် အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။ ဒါကြောင့်မို့ မြေတန်ဖိုးဟာ တစ်စတုရန်းမီတာကို (၅) ဒေါ်လာတန်ဖိုးမဟုတ်ဘဲ အဲဒီထက် အများကြီးပိုတယ်ဆိုတာ တွက်ကြည့်ရင် သိနိုင်ပါတယ်။

 လွဲမှားတဲ့အချက်အလက် (၃)

တတိယအချက်အနေနဲ့ထောက်ပြချင်တာက Internal Rate Of Return (IRR) 13% ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပါ။ IRR ကို ရင်းနှီးမြှုပ်နှံသူတွေကို ပေးလိုက်ရတဲ့ အတိုးနှုန်း (၁၃)% လို့  သုံးနှုန်းထားခြင်းဟာ အင်မတန် မှားယွင်းတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

Internal Rate of Return (IRR) ဆိုတာ ရင်းနှီးမြှုပ်နှံမှုတစ်ခုမှာ သတ်မှတ်ထားတဲ့ သက်တမ်းတစ်ခုအတွင်း ရင်းနှီးထားတဲ့ကုန်ကျစရိတ်အကုန်လုံးအပေါ်မှာ ပြန်လည်ရရှိမယ့် ရာခိုင်နှုန်း ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ရင်းနှီးထားတဲ့ ကုန်ကျစရိတ်အကုန်လုံးထဲမှာ မတည်ရင်းနှီးငွေ၊ ချေးငွေ၊ အတိုးနဲ့ ချေးငွေကုန်ကျစရိတ်၊ ဝင်ငွေ နဲ့ အသုံးစရိတ်တွေ အားလုံးပါဝင်ပါတယ်။ အခု ဝေဖန်နေကြသလို ရင်းနှီးထားတဲ့ ပမာဏပေါ်မှာ ဘဏ်တိုးတွက်ခြင်း လုံးဝမဟုတ်ပါဘူး။ IRR တွက်နည်းကို အများနားမလည်တာ သဘာဝကျပါတယ်။ IRR တွက်နည်းနဲ့ ပတ်သက်ပြီး နောက်လာမယ့်စာစဉ်တွေမှာ  ကျွန်တော်ရှင်းလင်းတင်ပြပေးသွားပါမယ်။ IRR နဲ့ အတိုးနှုန်း ဆိုတဲ့ ဒီစကားလုံးနှစ်ခုမှာ အဓိပ္ပာယ် ကွာခြားမှုလည်း အရမ်းကြီးမားပါတယ်။ ဒီလိုမျိုး သတင်းအချက်အလက် အမှားအယွင်းတွေကြောင့် မြို့သစ်စီမံကိန်းနဲ့ NYDC အပေါ် အများပြည်သူရဲ့ အထင်အမြင်လွဲမှားမှုတွေကို ကြီးမားစွာ ဖြစ်ပေါ်စေပါတယ်။

အပေါ်မှာပြောကြားခဲ့တဲ့ အချက်အလက်(၃)ချက်ဟာ ပြည်သူလူထုက ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် လုံးဝကို အထင်အမြင်လွဲမှားသွားစေနိုင်မယ့် အဓိကအချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေအပြင် အခြားလွဲမှားစွာ ဖော်ပြနေတဲ့ အချက်တွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့်မို့ အများပြည်သူလည်း စီမံကိန်းနဲ့ပတ်သက်ပြီး ပိုမိုရှင်းလင်းတိကျစွာသိရအောင် Townhall ဆွေးနွေးပွဲတစ်ခုကို မတ်လ (၄)ရက်နေ့၊ ညနေ (၅.၃၀)မှ (၇.၃၀)အထိ UMFCCI မှာ ကျင်းပသွားပါမယ်။ NYDC အနေနဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးနဲ့ ထောက်ပြနိုင်မယ့် နယ်ပယ်စုံမှ လူပုဂ္ဂိုလ်တွေကို ဖိတ်ကြားသွားပြီး လွတ်လပ်စွာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ NYDC ရဲ့ ခံယူချက်က ပွင့်လင်းမြင်သာမှု၊  တာဝန်ခံမှုရှိရေး ဖြစ်ပါတယ်။ မတ်လ(၄)ရက်နေ့ Townhall ဆွေးနွေးပွဲကို တက်ရောက်လိုသူများအနေနဲ့လည်း [email protected] မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@Serge Pun

 

 

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more