ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ


၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ တိုက်ရိုက်ကြည့်ရှုခဲ့ကြမယ် ထင်ပါတယ်။ ဆွေးနွေးပွဲဟာ တက်ကြွပြီး အသက်ဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး စီမံကိန်းနဲ့ပတ်သက်တဲ့ သဘောထားကွဲလွဲမှုတွေကို ကြားသိခဲ့ရတဲ့အပြင် စီမံကိန်းထောက်ခံတဲ့သူတွေအနေနဲ့  မြို့သစ်နဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ကြားသိခွင့်ရခဲ့ပါတယ်။

အမြင်ကွဲပြားမှုများ

အခုလို စိုးရိမ်ပူပန်နေကြတဲ့ ကိစ္စတော်တော်များများဟာ ဒီစီမံကိန်းစတင် အကောင်အထည်ဖော် ကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ NYDC တို့ ဂရုတစိုက်နဲ့ သေသေချာချာ ထည့်သွင်းစဉ်းစားထားတဲ့ အချက်တွေပါ။ ဥပမာအားဖြင့် မူလပိုင်ရှင် လယ်သမားများကို အကျိုးအမြတ်မနစ်နာစေပဲ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အစီအစဉ်များရေးဆွဲရေး၊ တိုင်းပြည်ရဲ့အကျိုးစီးပွားကိုကာကွယ်ရေး၊ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ အကြွေးနွံထဲ မရောက်စေရေး၊ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်နဲ့ အခွင့်အလမ်းတွေ အများအပြားရရှိနိုင်ရေး၊ ဒေသခံပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် စေရေး၊ လုပ်ပိုင်ခွင့်ရကုမ္ပဏီတွေကို ရွေးချယ်ရာမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ မျှတစွာရွေးချယ်နိုင်ရေး၊ အထူးသဖြင့် လာဘ်ပေးလာဘ်ယူမှုတွေ၊ စီမံကိန်းကို ကိုယ်ကျိုးအတွက် အသုံးချမှုတွေကို ကာကွယ်နိုင်ရေး အစရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေနဲ့ တခြားကိစ္စရပ်တွေကို NYDC အနေနဲ့ တခါမှ ပစ်ပယ်ခြင်းမရှိခဲ့ပဲ စီမံကိန်းအကောင်အထည်ဖော်တဲ့ အဆင့်အတိုင်းမှာ ဦးစားပေး ထည့်သွင်းစဉ်းစားခဲ့ပါတယ်။

စီမံကိန်းနဲ့ ပတ်သက်ပြီး ရပ်တည်မှုမတူညီခြင်းကနေ ပေါ်ထွက်လာတဲ့ မတူကွဲပြားတဲ့ အမြင်တွေအပေါ် အခြေခံပြီးဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ အဓိကကွဲပြားတဲ့ အယူအဆ(၄)ချက်ကို တွေ့ရှိရပါတယ်။

၁။ မြို့သစ်တည်ခြင်းအစား လက်ရှိရန်ကုန်မြို့ကိုပဲ ပိုမိုတိုးတက်ကောင်းမွန်အောင် ရင်းနှီးမြှုပ်နှံပြီး လုပ်ဆောင်သင့်တယ်လို့ ယူဆမှု

၂။ ပြင်ပအကူအညီယူခြင်း၊ အထူးအဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ကို လက်ခံလိုက်ခြင်းက နိုင်ငံရဲ့အကျိုးအမြတ်တွေကို အပြင်လူတွေကို အများကြီးပေးလိုက်သလိုဖြစ်ပြီး ရန်ကုန်မြို့သစ်ကို ကိုယ်နိုင်တဲ့အတိုင်းအတာထဲကပဲ ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သင့်တယ်လို့ ယူဆမှု

၃။ မြို့သစ်တည်ဆောက်ရာမှာ အကြွေးနွံမနစ်အောင်၊ တိုင်းပြည်အတွက် အကျိုးရှိအောင် ဘယ်လောက်ပဲ ဆွေးနွေးထားပါစေ၊ အရမ်းကောင်းလွန်းနေလို့ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုလို့ ယူဆမှု

၄။ တရုတ်နိုင်ငံက မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်ချယုံကြည်ရတဲ့ နိုင်ငံတစ်ခုမဟုတ်၊ တရုတ်နိုင်ငံနဲ့ ပတ်သက်မှုတိုင်းဟာ နိုင်ငံအတွက် အကျိုးမရှိဘူးလို့ ယူဆမှု တို့ပဲဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေက Townhall ဆွေးနွေးပွဲနဲ့ လူမှုကွန်ရက်မှာ ပြောကြားမှုတွေအပေါ်က သိရှိခဲ့တဲ့ အဓိကအချက်အချို့ဖြစ်ပါတယ်။

NYDC ကို ဖွဲ့စည်းထားတာဟာ မြို့သစ်တည်ဆောက်ရေးကို တာဝန်ယူ အကောင်အထည်ဖော်ဖို့ပါ။ ဒါကြောင့်မို့ မြို့သစ်နဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ချမှတ်ထားတဲ့ တာဝန်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ အဲဒီရည်မှန်းချက်ပန်းတိုင်တွေကို  ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာကို အတတ်နိုင်ဆုံးရှင်းပြဖို့ NYDC ရဲ့ CEO တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။

လိုအပ်နေသောမြို့သစ်

ပထမဆုံးအနေနဲ့ လက်ရှိရန်ကုန်မြို့မှာ ရှိနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ မြို့သစ်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လက်ရှိရန်ကုန်မြို့ရဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်မှာဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ရရှိအောင် အလုပ်အကိုင်အခွင့်အရေးတွေ ဖန်တီးပေးနိုင်ရုံမက ရှောင် လွှဲလို့မရတဲ့ တိုးပွားလာတဲ့လူဦးရေကို ရေရှည်မှာနေရာချထားပေးနိုင်ပြီး ရန်ကုန်သူ၊ ရန်ကုန်သားတွေအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါတွေအတွက်  လက်ရှိရန်ကုန်ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဖန်တီးယူလို့မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိရန်ကုန်မှာ (legacy issue လို့ခေါ်တဲ့) နှစ်ပေါင်းကြာရှည်စွာ ပြုပြင်မှုမရှိဘဲထားထားတဲ့ ကိစ္စရပ်တွေ အများကြီးရှိနေလို့ပါ။ ဒါတွေအကုန်လိုက်ပြင်ပြီးမှ ရှေ့ဆက်ရင် နှစ်အတော်တော်များများ အချိန်ယူရဦးမှာပါ။ ဒါ့အပြင် လက်ရှိမြို့ရဲ့ အနီးစပ်ဆုံးနေရာမှာ ဒီလိုမြို့သစ်တည်နိုင်တယ်ဆိုတာ အခြားနိုင်ငံတွေမှာ မရနိုင်တဲ့ အင်မတန်ထူးခြားတဲ့ အခွင့်အရေးပါ။ ဒီမြို့သစ်က လက်ရှိရန်ကုန်မြို့ကို ပျက်ဆီးထိခိုက်စေမယ် ဆိုတာလည်း အင်မတန်မှားယွင်းတဲ့ ဝေဖန်မှုတွေဖြစ်ပြီး မြို့သစ်ဟာ ရန်ကုန်မြို့ကြီးတစ်ခုလုံးကို ပိုအသက်ဝင်စေမှာဖြစ်ပြီး ဘက်ပေါင်းစုံကနေ ပိုပြီးဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

လုံခြုံသန့်ရှင်းပြီး နည်းပညာအရဖွံ့ဖြိုးတိုးတက်တဲ့ မြို့သစ်တစ်ခုကို တည်ဆောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ အချိန်နဲ့တစ်ပြေးညီ ပေါ်လွင်လာမှာဖြစ်ပြီး ကမ္ဘာပေါ်မှာ အောင်မြင်သွားတဲ့ မြို့သစ်သာဓကတွေ အများကြီးရှိပါတယ်။ ဥပမာ- ရှန်ဟိုင်းက ပူတုန်မြို့၊ တောင်ကိုရီးယားက အင်ချွန်းမြို့၊ ကွမ်းတုံးက ရှန်ဇန်မြို့နဲ့ အဘူဒါဘီက  မာဆဒါစီးတီး   တို့ဖြစ်ပါတယ်။

“အရမ်းကောင်းလွန်းနေလို့ မဖြစ်နိုင်တဲ့အခြေအနေတစ်ခု”

ဒုတိယအချက်အနေနဲ့ပြောချင်တာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI)ကို ခေါ်ယူလို့ တစ်ခုခုပြန်ပေးလိုက်ရတယ်ဆိုတဲ့အချက်ပါ။ အဲဒါလည်း မှန်သင့်သလောက်မှန်ပါတယ်။ FDI ဆိုတာ ပရဟိတလုပ်ဖို့ လာတာမဟုတ်လို့ သူတို့ရင်းနှီးမြှုပ်နှံတဲ့တန်ဖိုးပေါ်မှာ အမြတ်တစ်ခုကိုရဖို့ လိုပါတယ်။ ဒါပေမယ့် FDI တွေက ဘာအကျိုးမှမရှိဘူး၊ ယူလို့ရတာအကုန်ယူသွားတယ်ဆိုပြီး ပြောနေတာတွေကတော့ မမှန်ပါဘူး။ ဒီလိုမျိုးယူလို့ရတာအကုန်ယူသွားတယ်ဆိုတဲ့ အခြေအနေဟာလည်း ပေးလိုက်တဲ့လူနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်ရဲ့အကျိုးကို ရှေ့ရှုပြီး ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ အရေးကြီးပါတယ်။

အရမ်းကောင်းလွန်းနေလို့ မဖြစ်နိုင်တဲ့အခြေအနေတစ်ခု” လို့ပြောကြတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံလိုသူနဲ့ ရင်းနှီးမြှုပ်နှံမှုကို အလိုရှိတဲ့ အဖွဲ့နှစ်ဖွဲ့ရဲ့ ဆွေးနွေးမှုအပေါ်ကို ကြည့်ဖို့လိုအပ်ပါတယ်။ ဆွေးနွေးမှုရလာဒ်ကို တစ်ချို့တွေက အရမ်းကောင်းတဲ့အခြေအနေတစ်ခုလို့ မြင်နိုင်ပေမယ့် တစ်ချို့အတွက်ကတော့ ပုံမှန်၊ ဖြစ်သင့်တဲ့အခြေအနေ ဒါမှမဟုတ် လုံးဝမဖြစ်နိုင်တဲ့ အခြေအနေလို့လည်း ထင်နိုင်ပါတယ်။ ဒီလိုမျိုးအမြင်မတူမှုတွေက ဆွေးနွေးမှုတွေနဲ့ ဆွေးနွေးမှုရလာဒ်တွေကို မယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့  ကျွန်တော်တို့တွေ တိုင်းပြည်ရဲ့အကျိုးကို ရှေ့ရှုပြီး ကြိုးစားဆွေးနွေးသွားရင် FDI ကရလာမယ့် ဆိုးကျိုးတွေ၊ အားနည်းချက်တွေကို ရှောင်ရှားနိုင်မှာပါ။

လက်ရှိအခွင့်အလမ်း

တရုတ်နိုင်ငံက ပူပေါင်းလုပ်ကိုင်ဖို့ စိတ်ချယုံကြည်ရတဲ့နိုင်ငံလား ဆိုတာကတော့ အငြင်းပွားဖွယ်ရာအချက် ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အင်အားကြီးနိုင်ငံတွေက အင်အားနည်းတဲ့နိုင်ငံတွေကို နိုင်ငံရေးအရ၊ စီးပွားရေးအရ အနိုင်ယူချုပ်ကိုင်ခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။

အဲဒီအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ မဆိုင်သလိုဘေးထွက်နေတာ၊ အဝင်မခံဘဲပိတ်ပင်ထားတာမျိုးမဟုတ်ဘဲ ဉာဏ်ပညာ၊ ရည်မှန်းချက်၊ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့  ထိတွေ့ဆက်ဆံသွားရမှာပါ။ ဒါမှလည်း နိုင်ငံအပေါ် အခွင့်အရေးယူခြင်းက လွတ်ကင်းနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ အင်အားကြီးအိမ်နီးချင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ နည်းပညာတိုးတက်မှုကို နှစ်ဦးနှစ်ဘက် အကျိုးရှိဖို့ အကောင်းဆုံး အသုံးချနိုင်ဖို့လိုပါတယ်။ ဒီနေရာမှာ ရှောင်လွှဲလို့မရတာက “နှစ်ဦးနှစ်ဘက်” ဆိုတဲ့ စကားလုံးပါ။ နှစ်ဦးနှစ်ဘက် အကျိုးရှိမှ လုပ်ငန်းအားလုံး အဆင်ပြေချောမွေ့မှာပါ။

Belt & Road Initiative (ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း) ကြောင့် နိုင်ငံတကာဆက်ဆံရေး အခွင့်အလမ်းတွေ၊ ဒေသတွင်း လူမှုဘဝတိုးတက်မှုတွေ အများကြီးဖြစ်ပေါ်လာမှာ သေချာပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်သွယ်စစ်ပွဲကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာ တရုတ်နိုင်ငံကနေ အရှေ့တောင်အာရှနိုင်ငံတွေကို  ကူးပြောင်းလာပါတယ်။ ဒီအကျိုးကို ဗီယက်နမ်နိုင်ငံက အဓိကခံစားခွင့်ရသွားနိုင်ပေမယ့် မြန်မာနိုင်ငံအနေနဲ့လည်း  ကုန်ထုတ်လုပ်မှုစက်ရုံတွေ ဝင်လာအောင် ကြိုးစားဆွဲဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီလိုဆွဲဆောင်နိုင်အောင် မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတာက ရင်းနှီးမြှုပ်နှံမှုကြီးမားတဲ့ အခြေခံအဆောက်အအုံတွေပါ။ ဒီအခြေခံအဆောက်အအုံတွေကို အဆင်သင့်ပြင်ဆင်မထားရင် ဘယ်လောက်ကြိုးစားကြိုးစား တရုတ်နိုင်ငံအပါအဝင် နိုင်ငံပေါင်းစုံက ဘယ်ရင်းနှီးမြှုပ်နှံသူ၊ ဘယ်စက်ရုံမှ စောင့်မှာမဟုတ်၊ ဝင်လာမှာမဟုတ်တဲ့အတွက် ဒီအခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရမှာပါ။

ပေးအပ်ထားတဲ့တာဝန်

ကျွန်တော့်အနေနဲ့ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေမှာ ပါဝင်ဆွေးနွေးလိုခြင်းမရှိပေမဲ့ တစ်ခုကိုတော့ ရှင်းအောင်ပြောချင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက NYDC ကို မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့နေ ပြည်သူတွေအတွက် ရန်ကုန်မြို့သစ်ကို လက်တွေ့အကောင်အထည်ဖော်နိုင်အောင် တာဝန်ပေးအပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီတာဝန်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်အောင် ကြိုးပမ်းအားထုတ်သွားမှာပါ။

Townhall မှာ တက်ရောက်လာသူပရိသတ်တစ်ဦး ပြောကြားသွားတာတွေဟာ ကျွန်တော်တို့ ဒီမြို့သစ်ကို ဆောင်ရွက်နေရတဲ့ အရင်းခံအကြောင်းအရင်းတွေရဲ့ သာဓကပါဘဲ။ မြို့သစ်အကောင်အထည်ဖော်မယ့် ဧရိယာမှာနေထိုင်တဲ့ ဒေသခံပြည်သူတစ်ယောက်အနေနဲ့ မြို့သစ်ကြီးပေါ်ထွက်လာဖို့ မျှော်လင့်နေမှုကို စိတ်ခံစားမှုအပြည့်နဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့  ပြောကြားသွားတာကို မြင်လိုက်ရတဲ့အတွက် ကျွန်တော်တို့ဟာ လမ်းမှန်ပေါ်ရောက်နေတယ်ဆိုတာသိရလို့ အားတက်မိပါတယ်။ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း အချိန်တစ်ခုရောက်ရင် ဒီစီမံကိန်းကို လိုအပ်နေတဲ့လူတွေက အဆုံးအဖြတ်ပေးသွားမှာပါ။ ကျွန်တော်တို့ကို ထောက်ခံအားပေးကြတဲ့သူအများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

Related Posts

ပထမအဆင့်လုပ်ငန်းစဥ်များအတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ ဖိတ်ခေါ်ခြင်း

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁၅)ရက်နေ့မှာ ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ ပထမအဆင့်လုပ်ငန်းစဥ်များ အကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီက ခေါ်ဆိုခဲ့ပါတယ်။…Read more

စီမံကိန်းတိုးတက်မှုအခြေအနေများ

ကျွန်တော် ၂၀၂၀ ခုနှစ်အတွက် နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း NYDC လုပ်ငန်းစဥ်အချို့ကို ဝေမျှချင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ Mr. Xi Jinping ဟာ မြန်မာ…Read more

(၂၀)ရာခိုင်နှုန်းမြို့မြေပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်မှ NYDC ၏ အခန်းကဏ္ဍ

ရန်ကုန်မြို့သစ်ပထမအဆင့်ရဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်ယာမြေပြန်လည်ချထားရေးအစီအစဥ်မှာ အသုံးပြုတဲ့ပုံစံနဲ့လုပ်ငန်းစဥ်ဟာ မြန်မာနိုင်ငံမှာပထမဦးဆုံး စတင်အသုံးပြုတဲ့ မြေနေရာပြန်လည်ချထားရေး ပုံစံတစ်ခုဘဲ ဖြစ်ပါတယ်။ ဒီအစီအစဥ်ရဲ့အောင်မြင်မှုဟာ ‌ဒေသတွင်းက အခြားစီမံကိန်းတွေကိုလည်း အများကြီးအထောက်အကူဖြစ်စေမှာဖြစ်ပြီး အောင်မြင်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြို့ပြစီမံကိန်း…Read more

SIP Planning Awards 2019 မှာ အသိအမှတ်ပြုခံခဲ့ရတဲ့ ရန်ကုန်မြို့သစ်

ကျွန်တော်အားလုံးနဲ့ မျှဝေချင်တဲ့ သတင်းကောင်းတစ်ခုကတော့ ရန်ကုန်မြို့သစ်ရဲ့ Master Plan ဟာ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှာ Singapore Institute of Planners အဖွဲ့အစည်းက ကျင်းပတဲ့ …Read more

ဒါရိုက်တာအဖွဲ့ဝင်သစ်များရဲ့ ဦးဆောင်မှုနဲ့ NYDC

တစ်ချိန်မှာ လက်ရှိရန်ကုန်မြို့နဲ့ ပေါင်းစည်းသွားမယ့် ရန်ကုန်မြို့သစ်ကို အကောင်းဆုံးအကောင်အထည်ဖော်ဖို့ တာဝန်ယူထားတဲ့ NYDC ရဲ့ ပြောင်းလဲမှုတစ်ခုအနေနဲ့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က NYDCကို ဒါရိုက်တာဘုတ်အဖွဲ့ဝင်အသစ်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ NYDC ကို…Read more