ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးစေရေး


ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ပတ်ဝန်းကျင်လေ့လာဆန်းစစ်ရေးနယ်နိမိတ်တွေကို ချမှတ်နိုင်ဖို့ NYDC အနေနဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေကို ၂၀၁၈ခုနှစ် နှစ်လည်ပိုင်းမှစတင်ပြီး ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးမှုတွေအရ ရန်ကုန်မြို့သစ်စီမံကိန်းကို နည်းစနစ်ကျကျ ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (Strategic Environmental Assessment -SEA) ကို ပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆန်းစစ်ရေး အဖွဲ့အစည်းဖြစ်တဲ့ Environmental Resource Management (ERM) ကို ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်မှုတွေ ပြုလုပ်ဖို့ ခန့်အပ်ခဲ့ပါတယ်။

မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (SEA) ကို ပြုလုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သစ်ကို ဟန်ချက်ညီညီနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့နေရာမှာ အများကြီး အထောက်အကူပြုမှာ ဖြစ်သလို မြို့သစ်ကို တည်ဆောက်ရာမှာ သဘာဝသယံဇာတတွေ မထိခိုက်အောင် လုပ်ဆောင်နိုင်ဖို့ လမ်းပြပေးနိုင်ရုံသာမကဘဲ မြို့သစ်တည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်လာနိုင်မယ့် အကျိုးဆက်တွေကိုလည်း အသေးစိတ်လေ့လာဆန်းစစ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသက်ရောက်လာနိုင်မယ့် ဆိုးကျိုးတွေကို လျှော့ချနိုင်ဖို့ NYDC အနေနဲ့ SEA က ရရှိလာမယ့် မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေကို မြို့သစ်ထဲမှာရှိမယ့် စီမံကိန်းတိုင်းအတွက် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

SEA လုပ်ငန်းစဉ်တွေမှာ တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဉ်က အဓိကကျတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်လို့ NYDC အဖွဲ့သားတွေနဲ့ အကြံပေး ERM ကုမ္ပဏီတို့ ဦးစီးပြီး စီမံကိန်းနဲ့သက်ဆိုင်သူများနဲ့ မဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းတို့နဲ့ စပ်လျဉ်းပြီး လူထုတွေ့ဆုံရှင်းလင်းပွဲတွေကိုလည်း တိုင်းဒေသကြီးအဆင့်နဲ့ မြို့နယ်အဆင့်တွေမှာ နှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်အဖြစ် ၂၀၁၉ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့မှာ တိုင်းဒေသကြီးအဆင့်အနေနဲ့ လုပ်ဆောင်ခဲ့ပြီး ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့က (၃) ရက်နေ့အထိ မြို့နယ်အဆင့် တွေ့ဆုံရှင်းလင်းပွဲ (၅) ခု ပြုလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်အနေနဲ့ ၂၀၁၉ခုနှစ် ဧပြီလ (၁) ရက်နေ့က (၈) ရက်နေ့အထိ မြို့နယ်အဆင့် တွေ့ဆုံရှင်းလင်းပွဲ (၁၁) ခု ပြုလုပ်ခဲ့ပါတယ်။ အခုလို ရှင်းလင်းပွဲတွေ ပြုလုပ်ခြင်းအားဖြင့် စီမံကိန်းနဲ့ သက်ဆိုင်သူများအနေနဲ့ စီမံကိန်းတိုးတက်ဖြစ်ပေါ်မှုတွေကို သိရှိခွင့်ရသလို စီမံကိန်းရဲ့ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ရည်မှန်းချက်များနဲ့ ကိုက်ညီမှုရှိအောင်လည်း စောင့်ကြည့်ခွင့် ရရှိခဲ့ပါတယ်။

မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း(SEA) လုပ်ငန်းစဉ်ဟာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တောင် ပြုလုပ်ထားတဲ့ အရေအတွက် အနည်းငယ်သာရှိလို့ NYDC က လက်ရှိလုပ်ဆောင်နေတဲ့ SEA ကို ရှေ့ဆောင်လမ်းပြတစ်ခုအနေနဲ့ မှတ်ယူနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိ SEAလုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက်နဲ့ ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ NYDC အဖွဲ့သားတွေဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှာ ဆွီဒင်နိုင်ငံအစိုးရပိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Swedish International Development Cooperation Agency (SIDA)အဖွဲ့က ကြီးမှူးကျင်းပတဲ့ နိုင်ငံတကာ အလုပ်ရုံဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ကြပါတယ်။

NYDC အနေနဲ့ လက်ရှိအချိန်မှာ မဟာဗျူဟာမြောက်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်ခြင်း (SEA) မူကြမ်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ အပြီးသတ်ပြီး အများပြည်သူများရဲ့ အမြင်များနဲ့ သုံးသပ်ချက်များကို ရယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။

လေးစားစွာဖြင့်

သိမ်းဝေ@ Serge Pun

Related Posts

မြို့ပြဖော်ထုတ်ရေးကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်ခြင်း

2019 Urban Land Institute Asia Pacific Summit ညီလာခံကို ဇွန်လ (၁၁)ရက်နေ့ကနေ (၁၃)ရက်နေ့အထိ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပြီး ကျွန်တော်ဦးဆောင်တဲ့…Read more

ရန်ကုန်မြို့သစ်၏ Master Plan

ရန်ကုန်မြို့သစ်ရဲ့ Master Plan ကို AECOM အဖွဲ့က စည်းစနစ်အကျဆုံး၊ထိရောက်မှုအရှိဆုံး၊ အလေအလွင့်အနည်းဆုံး မြေကိုအသုံးချနိုင်ဖို့အတွက်သာမက တည်ဆောက်အကောင်အထည်ဖော်မယ့် လိုအပ်နေတဲ့အခြေခံအဆောက်အဦတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲနိုင်မှု၊ သယ်ယူပို့ဆောင်ရေး၊ လူမှုရေးနှင့်…Read more

ရန်ကုန်မြို့သစ်နှင့် စိုးရိမ်မှုများ

၂၀၁၉ ခုနှစ် မတ်လ(၆)ရက်နေ့မှာ NYDC ရဲ့ ဒုတိယအကြိမ် Townhall ကို ပြုလုပ်ခဲ့ပြီး တစ်ချို့လည်း လူကိုယ်တိုင်တက်ရောက်ခဲ့ကြသလို တစ်ချို့လည်း NYDC Facebook စာမျက်နှာကနေ…Read more

ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် တင်သွင်းထားသော EOI များ

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ရန်ကုန်မြို့သစ်ပထမအဆင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း(၆)ခုအတွက် NYDC Challenge Tender ပထမအဆင့်စတင်နိုင်ဖို့ လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ (Expression of Interest –…Read more

Town Hall – 6 March, 2019

NYDC ရဲ့ ပထမဆုံး Town Hall ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ပြုလုပ်ခဲ့ပြီး အခုဆိုရင် (၉)လတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး…Read more

မြို့သစ်စီမံကိန်း၏ လွဲမှားနေသောအချက်အလက်များကို သုံးသပ်ရှင်းလင်းခြင်း

ဖေဖော်ဝါရီလ (၁၅)ရက်နေ့က ပြုလုပ်ခဲ့တဲ့ Master Plan အပြီးသတ်အဆင့် တင်ပြဆွေးနွေးခြင်း (Final Master Plan Presentation) ပွဲအပြီးမှာ သတင်းမီဒီယာနဲ့ လူမှုကွန်ရက်ပေါ်မှာ မြို့သစ်စီမံကိန်းနဲ့…Read more